မန္တလေး ညမထွက်ရအမိန့်- ကျည်တစ်တောင့်တည်းနဲ့ နှစ်ယောက်ထိမှန်ခဲ့တဲ့ ဇနီးမောင်နှံ

0

“အမှောင်ထဲကနေ သေနတ်နဲ့ နှစ်ချက်ပစ်လိုက်တယ်။ ပစ်ပြီးမှ ရပ်ဆိုပြီး အော်တယ်။ ကျွန်တော်တို့ ကျည်ထိသွားမှန်းလည်း အဲဒီတုန်းက မသိလိုက်ဘူး။”

ဧပြီလ အစောပိုင်းက မန္တလေး မနော်ဟရီ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဇနီးသည် အသက်ဆုံးရှုံးသွားခဲ့ပြီး ကိုယ်တိုင်လည်း သေနတ်ကျည်ထိမှန်ခဲ့တဲ့ ကိုဘိုဘိုက အဲဒီနေ့က အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြနေတာပါ။

အဲဒီတုန်းက မန္တလေးမြို့မှာ ပုဒ်မ ၁၄၄၊ ည ၈ နာရီနောက်ပိုင်း အပြင် မထွက်ရ အမိန့်ထုတ်ထားတာကြောင့် ည ၇ နာရီခွဲလောက်မှာ အိမ်ကို တက်သုတ်ရိုက် ပြန်လာခဲ့ပေမယ့် “ကင်းပုန်း” လို့ အများစု ခေါ်ကြတဲ့ လျှို့ဝှက်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုနဲ့ ကိုဘိုဘိုတို့ ဇနီးမောင်နှံ ကြုံတွေ့ခဲ့ရတာပါ။

မနော်ဟရီ ၅၆ လမ်းနဲ့ ၅၇ လမ်းကြားမှာ ရှိတဲ့ လေးမျက်နှာဘုရားမှာ စစ်တပ်က တပ်စွဲထားတာကြောင့် သူတို့နဲ့ ရင်ဆိုင်မိမှာကြောက်လို့ လမ်းကြားတွေကနေ ပတ်မောင်းခဲ့ပေမယ့် မနော်ဟရီ လမ်းမကြီးပေါ် အရောက်မှာ အပစ်ခံရတာ ဖြစ်တယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

“ကျွန်တော် အဲဒီကို ရောက်တော့ ၈ နာရီ စွန်းစွန်းလေးပဲ ရှိသေးတယ်။ စစ်ကားတွေ၊ ရဲတွေ မတွေ့တော့တာနဲ့ မနော်ဟရီလမ်းမကြီးပေါ်ကို တက်တယ်။ ၅၄ လမ်းလောက်အရောက်မှာ အမှောင်ထဲကနေ အပစ်ခံလိုက်ရတယ်” လို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်သံကြားပေမယ့် သူတို့နှစ်ဦးလုံးကို ကျည်ထိမှန်တယ်ဆိုတာ မသိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲကနေ လွတ်မြောက်ရေးကိုပဲ ကိုဘိုဘို ကြိုးပမ်းခဲ့ပါတယ်။

နောက်မိနစ်အနည်းငယ်လောက် ဆက်မောင်းရင် အိမ်ကို ရောက်တော့မှာ ဖြစ်ပေမယ့် ၅၃ လမ်းလောက်အရောက်မှာ မထက်ထက်ဝင်း ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။

“ထက်ထက်က သူ မရတော့ဘူးလို့ ပြောတယ်။ ခဏနေတော့ ကျွန်တော့်ကို တွဲထားတဲ့ လက်လေး ပြုတ်သွားပြီး သူလည်း ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတယ်။ သူပြုတ်ကျသွားတာ သိပေမယ့် ထပ်အပစ်ခံရမှာစိုးလို့ ချက်ချင်း မရပ်ရဲဘူး။ ရပ်ကွက်ထဲကသူတွေနဲ့ ပြန်သွားခေါ်မယ်ဆိုပြီး အိမ်ကို ရောက်အောင် အမြန်မောင်းတယ်” လို့ ကိုဘိုဘိုက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီညဟာ ကိုဘိုဘို့အတွက် သူ့ဇနီးသည်ကို နောက်ဆုံးတွေ့ခဲ့ရတာပါ။

ကျည်တစ်တောင့်တည်းနဲ့ နှစ်ယောက်ပစ်ခတ်ခံရ

အိမ်ကိုအရောက် ဆိုင်ကယ်ပေါ်က ဆင်းတဲ့အချိန်ကျမှ သူလည်း ကျည်ထိမှန်ခဲ့တယ်ဆိုတာ ကိုဘိုဘို သိခဲ့ပါတယ်။

“အိမ်ရှေ့ရောက်တော့ ဗိုက်က ပူရှိန်းရှိန်း ဖြစ်နေတော့မှ သေနတ်မှန်မှန်း သိတယ်။ သတိလည်း ကောင်းကောင်းမရတော့ဘူး။ နောက်တော့ ဘာမှ မသိတော့ဘူး” လို့ ကိုဘိုဘိုက ဖွင့်ဟပါတယ်။

ရပ်ကွက်ထဲက လူတစ်ယောက်က ဖုန်းဆက်အကြောင်းကြားတာကြောင့် ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့တဖွဲ့က ခေါင်းဆောင်တစ်ဦး ရောက်လာပြီး ကိုဘိုဘိုကို ပတ်တီးစည်းကာ ပုဂ္ဂလိက ဆေးရုံတစ်ရုံကို ပေးပို့ခဲ့ပါတယ်။

ကိုဘိုဘိုရဲ့ ဘယ်ဘက် နံရိုးအောက် လက်လေးလုံးလောက် အကွာမှာ သေနတ်ဒဏ်ရာ ရထားပြီး အဲဒီ ဒဏ်ရာဟာ ကျောဘက်ကနေ ဖောက်ထွက်သွားတယ်လို့လည်း အဲဒီလူမှုကယ်ဆယ်ရေးအဖွဲ့က အမည်မဖော်လိုသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“အူမကို ဖြတ်ပြီး ကျည်ဆန်က ထွက်သွားတယ်။ နာကျင်မှုလွန်ကဲပြီး အချိန်မီ မကုသရင် သေသွားနိုင်တယ်။ ခွဲစိတ်ကုသဖို့လည်း လိုနိုင်လို့ သွေးထွက်မလွန်အောင် အရင်လုပ်ပေးပြီး ဆေးရုံကို ပို့ပေးခဲ့တယ်” လို့လည်း ဆိုပါတယ်။

မထက်ထက်ဝင်းပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်,SOCIAL MEDIA

ကိုဘိုဘိုရဲ့ ဒဏ်ရာနဲ့ မထက်ထက်ဝင်းရဲ့ ဒဏ်ရာကို ကြည့်ပြီး ကျည်ဆန်ဒဏ်ရာဟာ တစ်ရွယ်ထဲဖြစ်တာကြောင့် ကျည်တစ်တောင့်နဲ့ လူနှစ်ယောက်ထိမှန်ခဲ့တာ ဖြစ်နိုင်တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက သုံးသပ်ပါတယ်။

အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီ

လမ်းမှာ ပြုတ်ကျကျန်ရစ်တဲ့ မထက်ထက်ဝင်းကို သွားရောက်ကယ်ဆယ်ဖို့ မိသားစုဝင်တွေက အကူအညီတောင်းတာကြောင့် မန္တလေးမြို့က ပရဟိတအဖွဲ့တွေ ကြိုးပမ်းခဲ့ရပါတယ်။

နေရာစုံမှာ စစ်ကောင်စီတပ်တွေ လှည့်လည်နေသလို အဲဒီရက်ပိုင်းအတွင်းကလည်း မန္တလေးမြို့ပေါ်မှာ ပရဟိတကားတွေကို ပစ်ခတ်တာ၊ လူမှုကယ်ဆယ်ရေးသမားတွေကို ဖမ်းဆီးတာစတဲ့ အခြေအနေတွေကြောင့် ချက်ချင်းသွားရောက် မကယ်ဆယ်နိုင်ခဲ့ပါဘူး။

“မထက်ထက်ဝင်းကို သွားကယ်ဖို့ လုပ်တော့ ကားကိုအဝေးမှာ ထားခဲ့ပြီး အမှောင်ထဲမှာ နာရီဝက်လောက် တိတ်တဆိတ် စောင့်ဆိုင်းခဲ့ရတယ်။ စစ်ကောင်စီတပ်တွေ မရှိလောက်တော့တဲ့အချိန်ကျမှ သွားကယ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရောက်သွားချိန်မှာ မထက်ထက်ဝင်း အသက်မရှိတော့ဘူး” လို့ နောက်ထပ် ပရဟိတအဖွဲ့တဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ကိုဘိုဘိုနဲ့ မထက်ထက်ဝင်းတို့ကို ကူညီကယ်ဆယ်ခဲ့တဲ့ ပရဟိတအဖွဲ့တွေကို နယ်ထိန်းရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ရောက်မလာခင် အဲဒီနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး မထက်ထက်ဝင်းကို အသက်ရှိမရှိ ကြည့်ကာ ဓာတ်ပုံရိုက်ယူခဲ့တယ်၊ ပြီးတော့ ဒီတိုင်းထားခဲ့တယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခဲ့တာ မရှိပါဘူး။

ဘီဘီစီက ရရှိထားတဲ့ ဓာတ်ပုံတွေအရ မထက်ထက်ဝင်းရဲ့ ဘယ်ဘက်ဗိုက်အောက်နားမှာ သေနတ်ဒဏ်ရာရထားပြီး ကျည်ဆန်က ကျောဘက်ကနေ ပြန်ထွက်သွားတာကိုတော့ မတွေ့ရပါဘူး။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မပစ်ပါဘူးလို့ အဲဒီညက ရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့ပေမယ့် ဒါဟာ သေနတ် ဒဏ်ရာဆိုတာ သေချာသလို ကျည်ဆန်ဟာ ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တယ်လို့လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အတည်ပြုပါတယ်။

“ကျွန်တော် ခွဲခန်းဝင်တဲ့နေ့က ကျွန်တော့်မိန်းမ အသုဘချတဲ့နေ့”

အူမကိုဖြတ်ပြီး ကျည်ထိမှန်ခဲ့တဲ့ ကိုဘိုဘိုဟာ နောက်တစ်ရက် ဧပြီလ ၅ ရက်နေ့မှာ ပရဟိတ ဆေးရုံကြီးတစ်ခုမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

သူ့ဇနီးသည် ဆုံးပါးသွားပြီဆိုတာကိုလည်း အဲဒီနေ့ကျမှ သိခွင့်ရခဲ့ပေမယ့် မထက်ထက်ဝင်းရဲ့ နောက်ဆုံးခရီးကိုတော့ ကိုဘိုဘို လိုက်ပါပို့ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

“ကျွန်တော့်မိန်းမ အသုဘချတဲ့နေ့က ကျွန်တော်ခွဲတဲ့နေ့ပေါ့။ စိတ်မကောင်းဘူး။ အင်မတန် ဝမ်းနည်းမိတယ်ဗျာ။ သူ့မိဘတွေတောင် သူသေသွားတယ်ဆိုတာ မသိလိုက်ဘူး။ သူ့ဆွေမျိုးတွေလည်း မလာနိုင်ဘူး။ ကိုယ့်ကြောင့်ဖြစ်တယ်ဆိုပြီးတော့လည်း အပြစ်တင်မိတယ်” လို့ ကိုဘိုဘိုက ဖွင့်ဟပါတယ်။

ဆေးရုံမှာ တစ်ပတ်လောက် ကုသမှုခံယူခဲ့ရပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ရန်ရှာမှာ ကြောက်လို့ အိမ်ကို မပြန်ရဲပဲ တခြားတစ်နေရာမှာ ကိုဘိုဘို ရှောင်တိမ်းခဲ့ရပါတယ်။

“အိမ်ထဲက အိမ်ပြင်သိပ်မထွက်ရဲဘူး။ ဘယ်သူတွေက ပြောလို့ ဘယ်ချိန် သူတို့လာရှာမလဲ ဆိုတာ တွေးပူပြီး ကြောက်နေရတယ်”လို့လည်း ကိုဘိုဘိုက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၂ မန္တလေးမြို့က ၂၂၂၂၂ နေ့ ဆန္ဒပြမှု

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂၂ မန္တလေးမြို့က ၂၂၂၂၂ နေ့ ဆန္ဒပြမှု

လူသတ်မိန့်ရထားတာလား

ညမထွက်ရ အမိန့်ထုတ်ထားပေမယ့် ည ၈ နာရီ စွန်းစွန်း လမ်းမပေါ်မှာ သွားလာနေတဲ့ အရပ်သားနှစ်ဦးကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒါပေမဲ့ အခုလိုမျိုး ဖြစ်စဉ်ဟာ မန္တလေးမြို့တမြို့တည်းမှာတင် ဖြစ်နေတာ မဟုတ်ပဲ နေ့လယ်နေ့ခင်းလို အချိန်မျိုးမှာတောင် လမ်းပေါ်မှာ သွားလာနေတဲ့ ကလေးတွေကို ပစ်ခတ်တာ၊ လက်ကိုင်ဖုန်း password မပေးလို့ ပစ်ခတ်တာ စတဲ့ လုပ်ရပ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်ခဲ့တာတွေကို မြင်နေကြားနေရပါတယ်။

နိုင်ငံတနိုင်ငံရဲ့ စစ်တပ်ဟာ ပြည်သူတွေကို အကာအကွယ်ပေးရမယ့်အစား မြန်မာစစ်တပ်ကတော့ သူ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတယ်လို့လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ဇနီးသည် ဆုံးရှုံးခဲ့တဲ့ ကိုဘိုဘိုကတော့ ” ဒီကိစ္စဟာ လုံး၀ တရားမမျှတဘူး။ လက်နက်အားကိုးနဲ့လုပ်တာ။ အရင်တုန်းက ဘယ်ချိန် ဘယ်သွားသွား ဘာမှမဖြစ်တဲ့ခေတ်။ အခုတော့ ည ၈ နာရီမပြောနဲ့ နေ့ခင်းတောင်မှ ကြောက်နေရတယ်။ နေရာစုံမှာ ပစ်ခတ်သံတွေ အမြဲကြားနေတယ်” လို့ ဆိုပါတယ်။

မန္တလေးမြို့က လူမှုကယ်ဆယ်ရေးသမားတစ်ဦးကလည်း လက်နက်ကိုင်ဆောင်ခွင့်ရထားတာဟာ လူသတ်မိန့်ရထားတာလားဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေးခွန်းထုတ်ပါတယ်။

“ည ၈ နာရီကျော်တာနဲ့ ပစ်မယ်ဆိုတာ ပြည်သူတွေကို အကြောက်တရား ပေးချင်တာလား။ ငါတို့ပစ်ချင်တဲ့အချိန် ပစ်လို့ရတယ်ဆိုတဲ့ သဘောလား။ သူတို့တွေ လူစိတ်မရှိတော့ဘူး” လို့ဆိုပါတယ်။

အိမ်ထောင်သက် တစ်နှစ်ကျော်သာ ရှိသေးတဲ့ ကြင်စဦးဇနီးမောင်နှံအတွက် ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းတွေ အတူဖြတ်သန်းဖို့ ရည်ရွယ်ထားတဲ့ အိပ်မက်တွေ ရှိခဲ့ပေမယ့် အခုတော့ ကိုဘိုဘိုရဲ့ ဘေးကနေ ဇနီးသည် မထက်ထက်ဝင်း အပြီးတိုင် ထွက်ခွာသွားပါပြီ။

သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် သာမန်လူကောင်းတစ်ယောက်လို ပြန်ဖြစ်ဖို့ အခုအချိန်ထိ ဆေးကုသနေရဆဲဖြစ်တဲ့ ကိုဘိုဘိုကတော့ ဒီလိုမျိုး ဖြစ်ရပ်တွေ နောက်ထပ်မဖြစ်ဖို့ စစ်အာဏာရှင်စနစ်ကြီး အမြစ်ပြတ်ကျရှုံးဖို့ လိုတယ်လို့ အားလုံးကို သတင်းစကားပါးလိုက်ပါတယ်။

၂၂၂၂၂ နေ့ သုံးလပြည့် မေလ ၂၂ ရက် မန္တလေးမြို့က ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်,MPA

ဓာတ်ပုံ ပုံစာ,၂၂၂၂၂ နေ့ သုံးလပြည့် မေလ ၂၂ ရက် မန္တလေးမြို့က ဆန္ဒပြပွဲ

(ဘီဘီစီကို ပြောပြထားတဲ့ သူတွေရဲ့ လုံခြုံရေးအခြေအနေကြောင့် သူတို့ရဲ့ နာမည်၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေကို ထည့်သွင်းမဖော်ပြထားတာ ဖြစ်ပါတယ်။ )

BBC News

Share.