Blog Post

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ ထုတ်ပြန်ကြေညာချက်

ယနေ့ကျရောက်သော နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် မြန်မာနိုင်ငံတ၀ှမ်းရှိ ပြည်သူပြည်သားများအားလုံး အနှစ်သာရရှိသည့် ငြိမ်းချမ်းရေးအရသာကို အမြန်ဆုံး ရရှိခံစားနိုင်စေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဦးစွာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ထိုသို့ အနှစ်သာရရှိသည့် ငြိမ်းချမ်းရေးရရှိပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိပြီး တိုင်းရင်းသားများအားလုံး ဂုဏ်သိက္ခာရှိစွာ တန်းတူညီတူ အတူယှဉ်တွဲနေထိုင်နိုင်မှသာလျှင် ဖြစ်နိုင်မည်ဟု မိမိတို့မှ ယုံကြည်သည်။

သို့သော် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်တခုဖြစ်သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ဂုဏ်သိက္ခာရှိစွာ တန်းတူပါဝင်ခွင့်မရှိပဲ ချန်လှပ်ထားခံနေရသည့်အခြေအနေကြောင့် လက်ရှိအစိုးရမှ ကမ်းလှမ်းနေသည့် “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး”၏ အဓိပ္ပါယ်နှင့် အနှစ်သာရအပါအ၀င် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ထားရှိသည့် နိုင်ငံရေးဆန္ဒနှင့် စေတနာအား သံသယဖြစ်စေသည်။

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် လုပ်ဆောင်နေသည့် တပြိုင်နက်တည်းတွင်ပင် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံစကားပြောနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေး အဖွဲ့များအား အစိုးရမှ တိုက်လေယာဉ်များ သုံးကာ အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်မှုများရှိခဲ့ပြီး လက်ရှိတွင်လည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။ ဤအခြေအနေများသည် အစိုးရမှ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လုံးဝ ဆန့်ကျင်နေသည့် အခြေအနေများဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တည်တံ့ခိုင်မာမှုနှင့် အာမခံချက်ရှိမှုတို့မှာ မေးခွန်းထုတ်စရာဖြစ်နေပေသည်။
ထို့ကြောင့် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် ငြိမ်းချမ်းရေးအတွက် တည်တံ့ခိုင်မာမှုနှင့် အာမခံမှုမရှိသည့် လက်ရှိ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးနိုင်ရေးကိုသာ စိုင်းပြင်းမနေကြပဲ လက်ရှိစစ်ပွဲဒဏ်ကို တိုက်ရိုက်ခံစားနေရသည့် တိုင်းရင်းသားပြည်သူလူထုများ၏ ဆန္ဒနှင့် အသံအား ကိုယ်စားပြုကာ လက်ရှိ လုပ်ဆောင်နေသည့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အား ပြန်လည်သုံးသပ်သင့်သည်။ သို့မှသာလျှင် မိမိတို့ တိုင်းရင်းသားပြည်သူထူထုတရပ်လုံး ရှေ့ရှုနေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆီသို့ ခြေလှမ်းစနိုင်မည်ဖြစ်သည်။

သို့ပါ၍ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသော အဓိကဘက်နှစ်ဘက်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် မြန်မာအစိုးရမှ စစ်မှန်ရိုးသားသည့် စေတနာဖြင့် ပြည်သူတစ်ရပ်လုံး၏ အသံကို ထင်ဟပ်စေပြီး အာမခံချက်ရှိပြီး အဓိပ္ပါယ်ပြည့်ဝသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာ ဖော်ဆောင်ရန် မိမိတို့ မြန်မာ့အမျိုးသမီးသမဂ္ဂမှ တောင်းဆိုလိုက်သည်။

ဆက်သွယ်ရန်
ဒေါ်တင်တင်ညို (ဥက္ကဌ) – ဖုန်း +66 81 032 2882
ဒေါ်ဝေနှင်းပို (အထွေထွေအတွင်းရေးမှူး) – ဖုန်း +95 99 769 480 64

Download (PDF, 178KB)

Leave a Reply